International News

ဂျာမနီနိုင်ငံ၏ စီးပွားရေး၊ ကုန်သွယ်ရေးအခြေအနေ

Last Updated:

ဂျာမနီနိုင်ငံတွင် ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် Federal Statistical Office (Destatis)၏ စာရင်းများအရ ငွေကြေးဖောင်းပွမှုနှုန်း (၁၀) ရာခိုင်နှုန်းထိ ရောက်ရှိခဲ့ပြီး ဩဂုတ်လထက် (၁.၉) ရာခိုင်နှုန်း ပိုမိုတိုးတက်လာခဲ့သည်။ စွမ်းအင်ကဏ္ဍဈေးနှုန်းများကို ထည့်သွင်းတွက်ချက်ခြင်း မပြုပါက ငွေကြေးဖောင်းပွမှုနှုန်းသည်(၆) ရာခိုင်နှုန်းတွင်ရှိနေပါသည်။ စွမ်းအင်ကဏ္ဍဈေးနှုန်းများသည် စက်တင်ဘာလတွင် ဩဂုတ်လထက်(၄၃.၉) ရာခိုင်နှုန်းမြင့်တက်ခဲ့ရာ အိမ်ထောင်စုများမှသုံးစွဲသော အပူပေး ဓါတ်ငွေ့၊ လောင်စာစွမ်းအင်နှင့် လျှပ်စစ်ဓါတ်အားဈေးနှုန်းများအသီးသီး မြင့်တက်ခဲ့မှုကြောင့်ဖြစ်ကြောင်း၊ စားသောက်ကုန်ကဏ္ဍတွင် ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ ဈေးနှုန်းများ တစ်ဖြည်းဖြည်း မြင့်တက်လာခဲ့ရာ ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ၂၀၂၁ ခုနှစ် ကာလတူထက် (၁၈.၇)ရာခိုင်နှုန်း ပိုမိုမြင့်တက်လာခဲ့ပြီး အခြားကုန်စည်ဈေးနှုန်းများက (၁၇.၂) ရာခိုင်နှုန်း၊ ဝန်ဆောင်မှုကဏ္ဍက (၃.၆) ရာခိုင်နှုန်းအသီးသီးမြင့်တက်ခဲ့ပါသည်။ အလုပ်အကိုင်ရရှိမှုအနေဖြင့် ကုန်ထုတ်လုပ်မှုကဏ္ဍ(လုပ်သားဦးရေ၅၀နှင့်အထက်လုပ်ငန်းများ) တွင် အလုပ်အကိုင်ခန့်ထားလုပ်ကိုင်မှုများမှာ ၂၀၂၂ ခုနှစ် ဩဂုတ်လ တွင် (၅.၅)သန်းခန့်ရှိပြီး ၂၀၂၁ ခုနှစ် ကာလတူထက် ၁ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း၊ ခရီးသွားလာတည်းခိုမှုများနှင့် အစားအသောက်ဝန်ဆောင်မှုလုပ်ငန်းများ၏ဝင်ငွေသည် ယခင်နှစ်ကာလတူ ထက် (၁၆.၉) ရာခိုင်နှုန်းမြင့်တက်ခဲ့သော်လည်း ဇူလိုင်လထက် (၀.၆)ရာခိုင်နှုန်းလျော့နည်းခဲ့ကြောင်း တွေ့ရှိရပါသည်။

 

 

ဂျာမနီနိုင်ငံစီးပွားရေးကို ၂၀၂၃ခုနှစ်တွင် ကျဆင်းလာရန် ခန့်မှန်းမှုများရှိနေပြီး ဖက်ဒရယ် စီးပွားရေးဝန်ကြီးဌာနက စီးပွားရေးတိုးတက်မှုနှုန်းကို ယခုနှစ်အတွက် ၁.၄ ရာခိုင်နှုန်းနှင့် ရှေ့နှစ် အတွက် ၀.၄ ရာခိုင်နှုန်းရရှိရန် ခန့်မှန်းထားရှိရာ ယခုနှစ် ဧပြီလအတွင်းက မူလခန့်မှန်းထားရှိသည့် ၂.၂ ရာခိုင်နှုန်းနှင့် ၂.၅ ရာခိုင်နှုန်းတို့ထက် လျော့နည်းခန့်မှန်းထားခြင်းဖြစ်ပါသည်။ စီးပွားရေးကျဆင်းမှုအတွက် ဖယ်ဒရယ်အစိုးရအနေဖြင့် တုံ့ပြန်ဆောင်ရွက်မည့်နည်းလမ်းများ၊ Relief Packages အစီအစဉ်များ (grants and tax cuts )ကို စောင့်ကြည့်မျှော်လင့်လျက်ရှိကြပါသည်။

ကုန်သွယ်မှုအခြေအနေ

ကုန်သွယ်မှုပိုင်းအနေဖြင့် ၂၀၂၂ခုနှစ်ဩဂုတ်လတွင် Federal Statistical Office (Destatis)၏ စာရင်းထုတ်ပြန်ချက်အရ ဂျာမနီနိုင်ငံသည် ပို့ကုန်တန်ဖိုး စုစုပေါင်း ယူရို (၁၂၈.၇)ဘီလီယံရှိခဲ့ပြီး ၂၀၂၁ ခုနှစ် ကာလတူထက် (၂၃.၁) ရာခိုင်နှုန်းပိုမိုတိုးတက်မှုရှိခဲ့ပါသည်။ အမေရိကန်နိုင်ငံသည်အဓိကပို့ကုန်ဈေးကွက်ဖြစ်ပြီး ဩဂုတ်လကထက် (၄၂) ရာခိုင်နှုန်းပိုမိုတိုးတက် တင်ပို့နိုင်ခဲ့ပြီး အများဆုံး တင်ပို့ကုန်များမှာ မော်တော်ကား၊ နောက်တွဲယာဉ်များဖြစ်ကာ အခြားအများဆုံးတင်ပို့ခဲ့သည့်နိုင်ငံများမှာ ပြင်သစ်နှင့်နယ်သာလန်နိုင်ငံတို့ဖြစ်ကြပါသည်။ သွင်းကုန်တန်ဖိုးအနေဖြင့် ၂၀၂၂ ခုနှစ် ဩဂုတ်လတွင်ယူရို (၁၂၈.၄) ဘီလီယံရှိခဲ့ရာ ၂၀၂၁ ခုနှစ် ကာလတူထက် (၃၈.၁) ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့ပြီး တရုတ်နိုင်ငံသည် ယူရို (၁၅.၉) ဘီလီယံဖြင့် အဓိကသွင်းကုန်တင်သွင်းသူဖြစ်ခဲ့ပါသည်။ ရုရှားနိုင်ငံမှ ရေနံနှင့်ဓါတ်ငွေ့တင်သွင်းမှုများ​လျော့ကျခဲ့ပြီး ဩဂုတ်လသွင်းကုန်မှာ  ၂၀၂၁ ခုနှစ် ကာလတူထက် (၅၉.၄) ရာခိုင်နှုန်းလျော့နည်း၍ ယူရို (၂.၇) ဘီလီယံရှိခဲ့ပြီး ပို့ကုန်မှာ ယူရို (၁.၂)ဘီလီယံရှိခဲ့ခြင်းကြောင့် သွင်းကုန်လျော့ကျမှုရှိလာသော်လည်း လက်ရှိအခြေအနေတွင် ရုရှားနိုင်ငံနှင့် ကုန်သွယ်မှုတွင် သွင်းကုန်ကပို့ကုန်ထက်များနေဆဲဖြစ်သည်။ အမေရိကန်နိုင်ငံနှင့်မူ ပို့ကုန် အသာစီးရရှိပြီး ဩဂုတ်လတွင် နှစ်နိုင်ငံကုန်သွယ်မှုမှ ပို့ကုန်ပိုငွေ ယူရို (၄.၉) ဘီလီယံ ရှိခဲ့ပါသည်။ စုစုပေါင်း ကုန်သွယ်မှုအနေဖြင့် ဂျာမနီနိုင်ငံတွင် ဩဂုတ်လ၌ ကုန်သွယ်မှုပိုငွေ ယူရို(၀.၃)ဘီလီယံရှိခဲ့ပြီး ၂၀၂၁ခုနှစ် ကာလတူတွင် ပိုငွေ (၁၁.၆) ဘီလီယံရှိခဲ့ကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံနှင့်ကုန်သွယ်မှု

ဂျာမနီနိုင်ငံတွင် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ၌ မြန်မာနိုင်ငံသို့ ပို့ကုန် ယူရို (၅.၂၄၈)သန်း (အမေရိကန်ဒေါ်လာ ၅.၃၁၄သန်း) နှင့် သွင်းကုန် ယူရို (၁၄၉.၃၁၃)သန်း (အမေရိကန်ဒေါ်လာ ၁၅၁.၂၂၉သန်း)ရှိခဲ့ကြောင်း Federal Statistical Office (Destatis)၏ စာရင်းများအရ လေ့လာတွေ့ရှိရပါသည်။ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ပို့ကုန် အမေရိကန် ဒေါ်လာ (၅.၄၆၈)သန်းနှင့် သွင်းကုန် အမေရိကန် ဒေါ်လာ (၁၁၃.၇၈)သန်းနှင့် နှိုင်းယှဉ်လျှင် CMP အထည်ချုပ်လုပ်ငန်းများတင်သွင်းမှု ပိုမိုများပြားလာပြီး အီလက်ထရောနစ် စက်ပစ္စည်းအစိတ်အပိုင်းများ၊ ပရိဘောဂများ၊ ရော်ဘာ၊ ပလပ်စတစ်၊ အထွေထွေ အသုံးအဆောင်များ စသည့်ပစ္စည်းများကိုလည်း ပိုမိုတင်သွင်းခဲ့ကြောင်း တွေ့ရှိရပါသည်။

 

 

 

( မြန်မာစီးပွားရေးသံမှူး၊ ဘာလင်မြို့ )

 

Source:  https://www.dw.com/en/economy-recession-rears-its-ugly-head-in-germany/a-63444401

               https://www.destatis.de/EN/Press/2022/10/PE22_439_51.html

              https://www.destatis.de/EN/Press/2022/10/PE22_438_611.html

Category: International News